ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးသင့်လား
နှစ်စဥ် မိုးရာသီဟာ ရာသီတုပ်ကွေး အဖြစ်အများဆုံးရာသီ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးကို ကာကွယ်ဖို့ ပြုလုပ်သင့်တဲ့ အရာတွေထဲမှာ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတာကလည်း တစ်ခုအပါအဝင်ပါ။
ရာသီတုပ်ကွေး ကာကွယ်ဆေးကို ထိုးသင့်သလား?
ထိုးသင့်ပါတယ်။ ရာသီတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့် အခုအဖြစ်များနေတဲ့ ပြင်းထန်အဆုတ်ရောင်လို ရောဂါတွေထိ ဖြစ်နိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးထားရင် ရောဂါကူးစက်မခံရအောင် ကာကွယ်နိုင်သလို မတော်လို့ ရောဂါကူးစက်ခဲ့ရင်လည်း ရောဂါလက္ခဏာတွေ မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါတယ်။
တုပ်ကွေးကာကွယ်ဆေး မဖြစ်မနေ ထိုးသင့်တဲ့သူတွေက ဘယ်သူတွေလဲ?
လူတိုင်းဟာ တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပေမယ့် အောက်ပါအုပ်စုဝင်တွေကတော့ မဖြစ်မနေ ထိုးသင့်ပါတယ်။
- အသက် ၅၀ နဲ့အထက် လူကြီးတွေ
- ကိုယ်ဝန်ဆောင်တွေ (မိခင်ရော ကလေးအတွက်ပါ ကာကွယ်ဖို့ ထိုးသင့်ပါတယ်)
- ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ကျဥ်းရောဂါ COPD ၊ လေပြွန်ရောင်ရောဂါ စတဲ့ အသက်ရှူလမ်းကြောင်းရောဂါ ရှိသူတွေ
- ဆီးချိုရှိသူ
- နှလုံးရောဂါရှိသူ
- နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူ
- အသည်းရောဂါရှိသူ
- ပါကင်ဆွန်အကြောသေရောဂါ၊ ကြွက်သားပျော့ရောဂါ၊ CP ရောဂါ စတဲ့ အာရုံကြောရောဂါ ရှိသူတွေ
- ဘေလုံးထုတ်ထားသူ
- ကိုယ်ခံအားကျနေသူများ (HIV/AIDS ရှိသူ၊ စတီးရွိုက်ဆေးသောက်နေရသူ၊ ကင်ဆာဆေးသွင်းနေရသူ စသည်)
- အသက် ၂ နှစ်အထက်ကလေးတွေဟာ နှစ်စဥ် တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်။
တုပ်ကွေးကာကွယ်ဆေး မထိုးသင့်တဲ့သူ ရှိလား?
တုပ်ကွေးကာကွယ်ဆေးနဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ မထိုးသင့်ပါဘူး။ တချို့သော တုပ်ကွေးကာကွယ်ဆေးတွေက ဥတွေကနေ ထုတ်လုပ်ထားတာ ဖြစ်လို့ ဥနဲ့ဓာတ်မတည့်ဖြစ်ဖူးသူတွေက မထိုးသင့်ပါဘူး (ဥနဲ့လုပ်ထားတာ မဟုတ်တဲ့ဆေး ထိုးလို့ရပါတယ်)။ အဖျားကြီးနေရင်လည်း အဖျားကျပြီး နေကောင်းတဲ့ထိ စောင့်ပြီးမှ ထိုးသင့်ပါတယ်။
ဆေးထိုးပြီး ၁၀ ရက်ကနေ ၁၄ ရက်အကြာမှာ အာနိသင်ရတတ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးဟာ တုပ်ကွေးမဖြစ်အောင်၊ ဖြစ်ခဲ့ရင်လည်း မပြင်းထန်အောင် ကာကွယ်နိုင်သလို ဆေးထိုးထားသူမှ တခြားသူတွေကို ရောဂါမကူးစက်အောင်လည်း ကာကွယ်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးထိုးပြီးတဲ့အခါ…
- အဖျားငွေ့ငွေ့ရှိတာ
- ဆေးထိုးထားတဲ့ လက်မောင်းက အောင့်နေ၊ နာနေတာ
- ကြွက်သားတွေနာကျင်ကိုက်ခဲတာမျိုး ဖြစ်နိုင်ပြီး ပါရာစီတမောလ်ကို အကိုက်အခဲပျောက်ဆေးအပျော့စား သောက်လို့ရပါတယ်။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားရှိပါတယ်။ ရာသီတုပ်ကွေးရောဂါဟာလည်း ကာကွယ်ဆေးထိုးထားပြီး ကာကွယ်ပါမှ ခံစားရသက်သာမှာမို့ ကာကွယ်ဆေးထိုးဖို့ မကြောက်ကြပါနဲ့နော်။ ကာကွယ်ဆေးထိုးတဲ့အပြင် ကိုယ်ခံအားကောင်းစေတဲ့ အမူအကျင့်တွေ ဖြစ်တဲ့ ရေများများသောက်တာ၊ အသီးအရွက်တွေများများစားတာ၊ ကိုယ်လက်လှုပ်ရှားတာ၊ အိပ်ရေးဝအောင်အိပ်တာတွေ လုပ်ဖို့လည်း မမေ့ပါနဲ့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်